သတင်း

ကဗျာ

လွိုင်ကော်

လွိုင်ကော်


နေ့လည်နေ့ခင်းဟာ
ခေတ်ပေါ်ကောင်မလေးတွေ စီးထားတဲ့ဖိနပ်လိုပဲ
ကြောင်တောင်တောင်နိုင်လှရဲ့
လမ်းမတွေဟာ သန်းဝေပြီး
လမ်းကြားတွေဟာ ငိုက်မျဉ်းလို့
ပျင်းကြောဆန့် စတိုးဆိုင်ရှေ့မှာ
ပလက်ဖောင်းရဲ့ အသားစဟာ ပဲ့ထွက်နေတယ်
တစုံတခုကို ငေးရီငိုင်နေတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း
ရေမရှိတဲ့ ခွက်လိုပဲ အထီးကျန်လို့
သူ့ရင်ကိုနှစ်ခြမ်းခွဲထားတဲ့ ဘီလူးချောင်းလည်း
အရင်လို သက်လုံမကောင်းတော့
နေ၀င်မိုးချုပ်ဝေ့၀ဲနေတဲ့ လူငယ်တွေရဲ့ လက်ကိုင်တုတ်ဟာ
မှော်မအောင်တဲ့ မြို့တော်ထဲမှာ ငြိနေတုန်းပဲ
လမ်းတဖက် ဘိလိယက်ခုံမှာတော့
ကိုယ်ရည်သွေးတီးလုံးတွေ တိတ်ဆိတ်လို့
ညရေးညတာ မကောင်းတဲ့သီချင်းဟာ
စိုင်းစိုင်းခမ်းလှိုင်ထက် ပိုခေတ်စားနေတယ်
(၃၃) လမ်းက မိတ်ဆွေသူရဲကောင်းများ
ခင်ဗျားတို့ ယုံပါ့မလား
ကျွန်တော်သိပ်ချစ်ရတဲ့ မြို့ဟာ
အချစ်ရေးမကောင်းတဲ့ ပင်လယ်ပါ
အရောင်းအ၀ယ်မကောင်းတဲ့ ကျောက်ဆောင်ပါ
စကားပြောမကောင်းတဲ့ မိုက်ကရိုဖုန်းပါ
ရေထွက်အားမကောင်းတဲ့ ပိုက်ခေါင်းပါ
ကဗျာရေးမကောင်းတဲ့ တောင်တန်းပါ
အစဉ်အဆက် ပျော်ရွှင်ခြင်းတွေဟာ
လေတိုက်ခံရတဲ့ အမှိုက်စလို လွင့်လွင့်သွားကြပေါ့။ ။


ဥတ္တရာအောင်
ပိတောက်မြေ၊ ဇူလိုင်၊ ၀၅။

No comments:

Post a Comment